စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁
Key words: #တက္ကသိုလ်ဝင်တမ်းမြန်မာစာ၊အင်္ဂလိပ်စာ၊ #စာစီစာကုံး၊ #အက်ဆေး၊ #IELTSWritingTask1, #IELTSWritingTask2, #PlanBeforeYouWrite
စာရေးတဲ့အခါ အကြမ်းဖျင်းအားဖြင့်
၁) မရေးခင်
၂) ရေးနေတုန်း
၃) ရေးပြီး ဆိုတဲ့ အဆင့် ၃ ဆင့်လောက်ကို ဖြတ်သန်း ရပါမယ်။
အခုဆောင်းပါးမှာ ပထမအဆင့်ဖြစ်တဲ့ စာစမရေးခင် ပြင်ဆင်တဲ့အပိုင်းကို ဦးတည်ဆွေးနွေးချင်ပါတယ်။ ပြင်ဆင်မှု ပြုတဲ့အခါ တစ်ယောက်အကြိုက်နဲ့ တစ်ယောက် တူညီနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုဝေမျှသွားမဲ့ နည်းလမ်းကတော့ IELTS အက်ဆေးတွေ ရေးဖို့ ကျွန်တော်စပြီး လေ့ကျင့်တဲ့အချိန်မှာ စတင်အသုံးပြုခဲ့တဲ့ နည်းလမ်းဖြစ်ပါတယ်။ အဆင့် ၅ ဆင့် ရှိတဲ့ နည်းလမ်း ဖြစ်ပါတယ်။
အဆင့် ၁။ ။ Task awareness (Ta)
အဆင့် ၂။ ။ Words development (W)
အဆင့် ၃။ ။ Title idea development (Ti)
အဆင့် ၄။ ။ Sub-title ideas development (S) နဲ့
အဆင့် ၅။ ။ Supporting ideas development (S) တို့ပဲ ဖြစ်ပါတယ်။ TaWTiSS (တော်တစ်(စ) သို့မဟုတ် ထောထစ်(စ)) လို့အလွယ်မှတ်ထားနိုင်ပါတယ်။
ဒီဆောင်းပါးမှာ IELTS အက်ဆေးတွေအပြင် လာမဲ့ တက္ကသိုလ်ဝင်တန်း (အထက်တန်း/ဆယ်တန်းနောက်ဆုံး) စာမေးပွဲ မေးခွန်းတွေမှာ ပါလာမဲ့ (မြန်မာစာ) စာစီစာကုံးနဲ့ (အင်္ဂလိပ်စာ) အက်ဆေးပုံစံတွေကိုလည်း နမူနာသုံးပြီးတော့ ပြင်ဆင်မှု ပြုတဲ့ပုံကို တင်ပြသွားမှာ ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း မြန်မာစာနဲ့ အင်္ဂလိပ်စာ စာမေးပွဲ နမူနာမေးခွန်းတွေကို (မြန်မာနိုင်ငံ) ပညာရေးဝန်ကြီးဌာန ရဲ့ အင်တာနက်စာမျက်နှာ (http://www.moe.gov.mm/) တွေကနေ ရယူထားတာပါ။ TaWTiSS နည်းလမ်းအဆင့် ၁ မှာ ပါတဲ့ Task awareness ဟာ ကျယ်ပြန့်တဲ့ concept (အချက်) တစ်ခု ဖြစ်ပါတယ်။ စာစီစာကုံး/အက်ဆေးမေးခွန်းတစ်ခုချင်းစီမှာ စာမေးပွဲဖြေဆိုသူတွေကို ဘာရေးစေချင်၊ ဘယ်လိုရေးစေချင်တယ်ဆိုတဲ့ အသေးစိတ်ညွှန်ကြားချက်တွေ ပါဝင်သလို၊ မေးခွန်းဖြေဖို့အတွက် အချိန်ဘယ်လောက်ရတယ်၊ စာလုံးရေဘယ်လောက်ရေးရမယ်ဆိုတာကို နားလည်တဲ့ အပိုင်းလည်းပါဝင်ပါတယ်။ ဆောင်းပါးအပိုင်း ၁ မှာ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ စာစီစာကုံး၊ အင်္ဂလိပ်စာအက်ဆေး၊ IELTS task 1 နဲ့ task 2 အက်ဆေး ရေးဖို့အတွက် အချိန်ဘယ်လောက်ရတယ်၊ စာတကယ်မရေးခင် ပြင်ဆင်တဲ့နေရာမှာ အချိန်ဘယ်လောက်ရတယ်၊ စာလုံးရေကန့်သတ်ချက်က ဘယ်လို ရှိတယ်ဆိုတာကို တင်ပြသွားပါမယ်။ ရှေ့လာမဲ့ အပိုင်းတွေမှာ စာစီစာကုံး/အက်ဆေး အမျိုးအစား တစ်ခုချင်းစီအတွက် TaWTiSS နည်းလမ်းကို သုံးပြီးတော့ ပြင်ဆင်မှုဘယ်လိုလုပ်နိုင်တယ်ဆိုတာကို သရုပ်ပြရေးသားသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုကြပါခင်ဗျ။
အချိန်ကန့်သတ်ချက်ဘယ်လိုရှိသလဲ?
တက္ကသိုလ်ဝင်တန်းနဲ့ IELTS နှစ်ခုစလုံးဟာ စာမေးပွဲတွေ ဖြစ်ကြတဲ့အတွက် အချိန်ကန့်သတ်ချက် ရှိပါတယ်။ ပုံမှန်စာရေးတဲ့အခါ ပြင်ဆင်ချိန်ကို ပိုပြီးလွတ်လွတ်လပ်လပ် သတ်မှတ်နိုင်ပေမဲ့ စာမေးပွဲမှာစစ်တဲ့ စာစီစာကုံးနဲ့ အက်ဆေးတွေအတွက်ကတော့ ပြင်ဆင်ရမဲ့အချိန်က အကန့်အသတ်နဲ့ပဲ ရနိုင်ပါမယ်။ IELTS writing test မှာ သတ်မှတ်ထားပေးတဲ့အချိန်က ၁ နာရီ (= မိနစ် ၆၀) လို့ သိရပါတယ်။ Task 2 ကို Task 1 ထက် အမှတ်ပိုပေးလို့ Task 2 အတွက် မိနစ် ၄၀ Task 1 အတွက် မိနစ် ၂၀ သုံးလို့ အများစုက အကြံပေးလေ့ရှိကြပါတယ်။ ဒါဟာ အက်ဆေးရေးတဲ့ ဖြစ်စဉ်အစအဆုံးအတွက် စာမေးပွဲဖြေဆိုသူက ရရှိတဲ့အချိန် ဖြစ်ပါတယ်။ ၁) မရေးခင်၊ ၂) ရေးနေတုန်း၊ ၃) ရေးပြီး ဆိုတဲ့ အဆင့် ၃ ဆင့် စလုံးအတွက် ခွင့်ပြုချိန်ဖြစ်ပါတယ်။ Task 1 အတွက် ပြင်ဆင်ချိန် ၅ မိနစ်သုံးရင် အက်ဆေးရေးဖို့နဲ့ ပြန်စစ်ဖို့ အချိန် ၁၅ မိနစ်ရပါတယ်။ Task 2 အတွက်လည်း ပြင်ဆင်ချိန် ၅ မိနစ်သုံးရင် အက်ဆေးရေးဖို့နဲ့ ပြန်စစ်ဖို့ အချိန် ၃၅ မိနစ်ရပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲမှာ မြန်မာစာနဲ့ အင်္ဂလိပ်စာအပါအဝင် ဘာသာရပ်တိုင်းအတွက် ခွင့်ပြုချိန်က ၃ နာရီ ဖြစ်ပါတယ်။
စာဖြေဆိုသူတွေ အများဆုံး ရနိုင်တဲ့ အမှတ် (ပေးမှတ်) က ၁၀၀ ဖြစ်ပါတယ်။ မြန်မာစာမှာ စာစီစာကုံးမေးခွန်း (မေးခွန်းအမှတ်စဉ် ၆) မှာ ၆။ (က) နဲ့ ၆။ (ခ) ဆိုပြီးတော့ ၂ ပိုင်းရှိပြီး တစ်ပိုင်းစီအတွက် ပေးမှတ်က ၁၀ မှတ် ဖြစ်ပါတယ်။ မေးခွန်းတစ်စုံလုံးအတွက်ပေးမှတ်ရဲ့ ၁၀ ရာခိုင်နှုန်းစီ ဖြစ်ပါတယ်။ အမှတ်ပေါင်း ၁၀၀ အတွက် ၃ နာရီ (= မိနစ်ပေါင်း ၁၈၀) အချိန်ရရင် ၁၀ မှတ်အတွက် အချိန် ၁၈ မိနစ်လောက်ပဲသုံးသင့်တယ်လို့ အကြမ်းဖျင်း မှတ်ယူနိုင်ပါတယ်။ စာစီစာကုံး ၂ ပုဒ်အတွက် စုစုပေါင်းအချိန် ၃၆ မိနစ်သုံးသင့်တယ်လို့ မှတ်ယူနိုင်ပါတယ်။ ၆။ (က) နဲ့ ၆။ (ခ) ဆိုပြီးတော့ ၂ ပိုင်းရှိပေမဲ့ ဒီဆောင်းပါးမှာတော့ ၆။ (ခ) မေးခွန်းပါ စာစီစာကုံးအမျိုးအစားကိုပဲ ရွေးချယ်ထားပါတယ်။
အင်္ဂလိပ်စာမေးခွန်းကို ကြည့်တဲ့အခါ မေးခွန်းအမှတ်စဉ် ၉ (IX) အက်ဆေးအတွက် ပေးမှတ်က ၁၅ မှတ် (မေးခွန်းတစ်ခုလုံးအမှတ်ပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း) ဖြစ်တာကို တွေ့ရပါတယ်။ စုစုပေါင်းပေးမှတ် ၁၀၀ နဲ့ စုစုပေါင်းခွင့်ပြုချိန် ၃ နာရီ (= မိနစ် ၁၈၀) အပေါ်အခြေခံပြီး တွက်ကြည့်တဲ့အခါ အက်ဆေးအတွက် ၂၇ မိနစ် အသုံးပြုသင့်တယ်လို့ အဖြေပေါ်ပါတယ်။
စာလုံးရေကန့်သတ်ချက်ဘယ်လိုရှိသလဲ?
စာစီစာကုံး၊ အက်ဆေးတစ်ပုဒ်မရေးခင် ပြင်ဆင်တဲ့နေရာမှာ သတိထားသင့်တဲ့ နောက်ထပ်အချက်တစ်ခုက စာလုံးရေကန့်သတ်ချက်ပါ။ IELTS writing task 1 အတွက် စာလုံးရေသတ်မှတ်ချက်က အနည်းဆုံး ၁၅၀ (ဝန်းကျင်) နဲ့ task 2 အတွက်က အနည်းဆုံး ၂၅၀ (ဝန်းကျင်) ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းမြန်မာစာမေးခွန်းမှာတော့ စာစီစာကုံးတွေအတွက် စာလုံးရေး (ဒါမှမဟုတ် စာကြောင်းရေ၊ စာပိုဒ် စသဖြင့်) ကန့်သတ်ချက်တော့ ဖော်ပြထားတာ မရှိပါဘူး။ ဒါပေမဲ့ အင်္ဂလိပ်စာမေးခွန်းထဲမှာတော့ အက်ဆေးအတွက် စာလုံးရေ ၅၀၀ ထက်ပိုမရေးဖို့ (Do not write more than 500 words.) ကိုတော့ အထူးအလေးပေးဖော်ပြထားတာ တွေ့ရပါတယ်။ စာလုံးရေအနည်းဆုံး ၂၅၀ ရေးရတဲ့ IELTS task 2 အက်ဆေးအတွက် အများဆုံးရနိုင်မဲ့ အချိန်က မိနစ် ၄၀ ပဲ ဖြစ်တဲ့အတွက် ပေးမှတ်အပေါ်အခြေခံပြီး အကြမ်းဖျင်းတွက်ကြည့်လို့ ၂၇ မိနစ် (မိနစ် ၃၀) လောက်ပဲ အချိန်ပေးသင့်တယ်လို့ အဖြေထွက်တဲ့ တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာ အက်ဆေးကို ပျမ်းမျှအားဖြင့် ကျွန်တော်တို့ စာလုံးရေ ၂၀၀ လောက်ပဲ ရေးနိုင်ကြမယ်ထင်ပါတယ်။
ဒါပေမဲ့ စာမေးပွဲတစ်ခုလုံးရဲ့ အချိန်ခွဲဝေမှုက IELTS writing test အတွက် ၁ နာရီ (= မိနစ် ၆၀) လို့ အတိအကျ သတ်မှတ်ထားတာရှိပေမဲ့ တက္ကသိုလ်ဝင် မြန်မာစာနဲ့ အင်္ဂလိပ်စာ စာမေးပွဲတွေမှာ စာစီစာကုံးနဲ့ အက်ဆေးအတွက် အချိန်သတ်မှတ်ချက် အတိအကျ မရှိပါဘူး။ ကျန်တဲ့အပိုင်းတွေကို ကျောင်းသူကျောင်းသားတွေ ဘယ်လောက်ဖြေနိုင်တယ်၊ မဖြေနိုင်ဘူး၊ အချိန်ဘယ်လောက်သုံးလိုက်ရတယ်၊ မသုံးလိုက်ရဘူးဆိုတဲ့ အချက်တွေကလည်း စာစီစာကုံး ဒါမဟုတ် အက်ဆေးအတွက် အချိန်ဘယ်လောက်ရတယ်၊ စာလုံးရေ (စာကြောင်းရေ၊ စာပိုဒ်စသဖြင့်) ဘယ်လောက်ရေးနိုင်တယ်ဆိုတဲ့ အချက်အပေါ်ကို လွှမ်းမိုးမှု ရှိနိုင်ပါတယ်။ ကျောင်းသူကျောင်းသား တစ်ယောက်နဲ့တစ်ယောက် အချိန်စီမံခန့်ခွဲ (အချိန်ခွဲဝေ) တဲ့ ပုံစံ တူချင်မှတူပါမယ်။ ဒါပေမဲ့ ဒီဆောင်းပါးမှာတော့ စံတစ်ခု သတ်မှတ်မှသာ အဆင်ပြေမှာမို့လို့ စာစီစာကုံး/အက်ဆေးတစ်ပုဒ်လုံးစာ ရနိုင်မဲ့အချိန်နဲ့ စာစမရေးခင် ပြင်ဆင်မှုအတွက် အသုံးပြုသင့်တဲ့အချိန်၊ စာတကယ်ရေးဖို့အတွက် ကျန်တဲ့အချိန်နဲ့ အနည်းဆုံးရေးသင့်တဲ့ စာလုံးအရေအတွက်တွေကို အောက်ပါအတိုင်း အကြံပြုသတ်မှတ်ချင်ပါတယ်။
အထက်ဖော်ပြပါ ဇယားက အကြံပြုချက်သာ ဖြစ်တဲ့အတွက် ဒီအတိုင်းလိုက်နာ ရေးသင့်၊ မရေးသင့်ကို ကျောင်းသူကျောင်းသားတွေ ကိုယ်တိုင်ဆုံးဖြတ်ကြရမှာ ဖြစ်ပါတယ်။ မိမိကျောင်းသားတွေရဲ့ လိုအပ်ချက်ကို သိပြီးတော့လည်း ဆရာ/မတွေက ကျောင်းသူကျောင်းတွေ ဒီဇယားလမ်းညွှန်ချက်အတိုင်း လိုက်နာ ရေးသင့်၊ မရေးသင့်ကို အကြံပြုနိုင်ပါတယ်။
အမှန်တကယ် စာမေးပွဲတွေမှာ စာစီစာကုံး/အက်ဆေး တစ်ပုဒ်ချင်းစီကို ရေးသားဖြေဆိုတဲ့အခါ အဖြေလွှာစာရွက်ရဲ့ စာမျက်နှာ ဘယ်နှမျက်နှာလောက်ကို အသုံးပြုရေးသားသင့်သလဲဆိုတာကို ဒီဆောင်းပါးက အကြံမပြုနိုင်ပါဘူး။ အခုဆောင်းပါးရဲ့ အားနည်းချက်တစ်ခု ဖြစ်ပါတယ်။ စာဖတ်သူတွေထဲမှာ တက္ကသိုလ်ဝင်စာမေးပွဲတွေကို မကြာခင်ကမှ ဖြေဆိုထားတဲ့ ကျောင်းသူကျောင်းသားတွေ၊ စာစစ်အတွေ့အကြုံရှိတဲ့ ဆရာ/မတွေ ပါတယ်ဆိုရင် မြန်မာစာ စာစီစာကုံးနဲ့ အင်္ဂလိပ်စာ အက်ဆေးအတွက် အဖြေလွှာစာမျက်နှာ ဘယ်နှမျက်နှာလောက် ရေးသားဖြေဆိုသင့်တယ်ဆိုတာကို အကြံပြုကြဖို့ တိုက်တွန်းချင်ပါတယ်။ IELTS writing test ကိုလည်း မကြာခင်ကမှ ဖြေဆိုထားတဲ့ သူတွေရှိရင်လည်း task 1 နဲ့ task 2 တွေကို ဘယ်နှမျက်နှာ ရေးသင့်တယ်ဆိုတာကိုလည်း အကြံပြုစေချင်ပါတယ်။ ရှေ့လာမဲ့ ဆောင်းပါးအပိုင်းတွေမှာတော့ ဇယားပါ စာစီစာကုံး/အက်ဆေး အမျိုးအစား တစ်ခုချင်းစီအတွက် TaWTiSS နည်းလမ်းကို သုံးပြီးတော့ ပြင်ဆင်မှုဘယ်လိုလုပ်နိုင်တယ်ဆိုတာကို သရုပ်ပြရေးသားသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်ဖတ်ရှုကြပါခင်ဗျ။
အခုလိုမျိုးပညာရေးဆိုင်ရာ ပညာရေးဆိုင်ဆောင်းပါးတွေလို၊ ပညာရေးဆိုင်ရာ ဗွီဒီယိုတွေကိုလည်း စိတ်ဝင်စားတယ်ဆိုရင် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/sayarjhaan/ ကိုလည်း Like, Follow လုပ်ထားနိုင်ပါတယ်။ YouTube channel https://goo.gl/v23fLK မှာလည်း Subscribe လုပ်ထားခြင်းအားဖြင့် ဗွီဒီယိုအသစ်တင်တိုင်း ပုံမှန်တွေ့ရမှာ ဖြစ်ပါတယ်။
Comments
Post a Comment