စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂



Key words: တက္ကသိုလ်ဝင်တန်းမြန်မာစာ၊ စာစီစာကုံး၊ PlanBeforeYouWrite

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း နိဒါန်းဆောင်းပါး (ဆောင်းပါး အပိုင်း ၁) မှာ တက္ကသိုလ်ဝင် မြန်မာစာမှာ စာစီစာကုံးမေးခွန်း အမှတ်စဉ် ၆။ ခ အတွက် (ပြင်ဆင်ချိန် ၅ မိနစ် အပါအဝင်) စုစုပေါင်း မိနစ် ၂၀ ပဲ အသုံးပြုသင့်တယ်လို့ ဖော်ပြခဲ့ပါတယ်။ မေးခွန်းထဲမှာ စာလုံးရေ (ဒါမှမဟုတ် စာကြောင်းရေ၊ စာပိုဒ် စသဖြင့်) ကန့်သတ်ထားတာ မရှိပေမဲ့ နိဒါန်း ၁ ပိုဒ်၊ စာကိုယ် ၂ ပိုဒ် နဲ့ နိဂုံး ၁ ပိုဒ် ရေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်ဟာ ၁၀ တန်း မြန်မာစာ သင်တဲ့ ဆရာ/မတွေ၊ ကျောင်းသူ/သားတွေ ပိုမိုရင်းနှီးတဲ့ နိဒါန်း (၁ ပိုဒ်)၊ စာကိုယ် (၁ ပိုဒ်)၊ နိဂုံး (၁ ပိုဒ်) ဖော်မြူလာနဲ့ အနည်းငယ် ကွဲလွဲပါတယ်။ ဒီဆောင်းပါးမှာ စာပိုဒ်တစ်ပိုဒ်ထဲမှာ အဓိက အိုင်ဒီယာ (ပင်မ အတွေး) တစ်ခုပဲ ပါဝင်သင့်တယ် ဆိုတဲ့ အယူအဆအပေါ်အခြေခံထားတဲအတွက် စာစီစာကုံးတစ်ပုဒ်မှာ စာကိုယ် ၁ ပိုဒ်ထဲပဲ ရေးရတာ ကျောင်းသူ/သားတွေအတွက် အခက်အခဲ ဖြစ်နိုင်ပါတယ်။ ခေါင်းစဉ်တစ်ခုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ ပင်မအတွေး တစ်ခုမက ရှိနေနိုင်တဲ့အတွက် စာကိုယ် ၂ ပိုဒ်ရေး ဆိုတဲ့ မူနဲ့ သွားပါ့မယ်။

အခုဆောင်းပါး အပိုင်း ၂ မှာတော့ အောက်မှာ ဖော်ပြထားတဲ့ တက္ကသိုလ်ဝင်တန်း မြန်မာစာ စာမေးပွဲ နမူနာမေးခွန်းထဲက စာစီစာကုံးကို TaWTiSS (တော်တစ်(စ) သို့မဟုတ် ထောထစ်(စ)) နည်းလမ်းသုံးပြီး ၅ မိနစ်စာ ကြိုတင်ပြင်ဆင်မှုပြုတဲ့အပိုင်းကို တင်ပြချင်ပါတယ်။


နမူနာမေးခွန်းကို (မြန်မာနိုင်ငံ) ပညာရေးဝန်ကြီးဌာန ရဲ့ အင်တာနက်စာမျက်နှာ (http://www.moe.gov.mm/) ကနေ ရယူထားတာ ဖြစ်ပါတယ်။ TaWTiSS (တော်တစ်(စ) သို့မဟုတ် ထောထစ်(စ)) မှာ ပါတဲ့
Ta က Task awareness ကို၊
W က Words development ကို၊
Ti က Title idea development ကို၊
S က Sub-title ideas development ကို၊
S က Supporting ideas development ကို အသီးသီး ကိုယ်စားပြုပါတယ်။ အောက်မှာ အချိန် ၅ မိနစ်အတွင်း TaWTiSS (တော်တစ်(စ) သို့မဟုတ် ထောထစ်(စ)) နည်းလမ်းကို အသုံးပြုပြီးတော့ ၆။ (ခ) စာစီစာကုံးမေးခွန်း အတွက် ပြင်ဆင်မှု ပြုထားတာကို လေ့လာကြည့်ပါ။

၁။ Task awareness (မေးခွန်းကို နားလည်ခြင်း) 

မေးခွန်းကို နားလည်ခြင်း (Task awareness) နဲ့ ပတ်သက်ပြီး အပိုင်း ၁ မှာ
“၎င်းဟာ ကျယ်ပြန့်တဲ့ concept (အချက်) တစ်ခု ဖြစ်ပါတယ်။ စာစီစာကုံး/အက်ဆေးမေးခွန်းတစ်ခုချင်းစီမှာ စာမေးပွဲဖြေဆိုသူတွေကို ဘာရေးစေချင်၊ ဘယ်လိုရေးစေချင်တယ်ဆိုတဲ့ အသေးစိတ်ညွှန်ကြားချက်တွေ ပါဝင်သလို၊ မေးခွန်းဖြေဖို့အတွက် အချိန်ဘယ်လောက်ရတယ်၊ စာလုံးရေဘယ်လောက်ရေးရမယ်ဆိုတာကို နားလည်တဲ့ အပိုင်းလည်းပါဝင်ပါတယ်” ဆိုပြီး ပါပါတယ်။ မေးခွန်းမှာပါတဲ့ ညွှန်ကြားချက်တွေကို သဘောပေါက်ပြီး ဘယ်လိုဖြေရမလဲလို့ သိတာဟာ မေးခွန်းကို နားလည်တာ ဖြစ်ပါတယ်။ မေးခွန်းကို နားလည်တဲ့အဆင့်မှာ စာမေးပွဲဖြေဆိုသူရဲ့ မေးခွန်းနဲ့ ပတ်သက်တဲ့ အတွေးတွေ၊ ဆုံးဖြတ်ချက်လုပ်ရပ်တွေ အကုန်ပါပါတယ်။
ဥပမာအားဖြင့် အောက်ပါ မေးခွန်းကို တွေ့တဲ့အခါ
၆။ (ခ) အောက်ပါအဆိုများ အနက် တစ်ခု ကို ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ဖြစ်စေ ဆွေးနွေးပါ။
(၁) သီချင်းဆိုခြင်းသည် လူ့စိတ်ကို ကြည်နူးစေသည်။
(၂) အားကစားပွဲများတွင် ဘောလုံးပွဲသည် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်သည်။

ကျောင်းသူ/သားတွေရဲ့ စိတ်ထဲမှာ စဉ်းစားပြီး ရွေးချယ်မှုပြုတဲ့ဟာ၊ ချရေးတဲ့ဟာတွေက အောက်ပါအတိုင်း ဖြစ်လာ နိုင်ပါတယ်။
(အတွေး) ၁ ခုပဲ ရွေးရမယ်။ သီချင်းဆိုရင် ပျော်တဲ့အကြောင်းက ငါနဲ့ ပိုရင်းနှီးတယ်။ ဘော်လုံးပွဲအကြောင်း သိပ်မသိဘူး။ (၁) ကို ရွေးမယ်။
(လုပ်ရပ်) နံပါတ် (၁) ကို အမှတ်အသားပြုလိုက်တယ်။
(အတွေး) “သီချင်းဆိုခြင်းသည် လူ့စိတ်ကို ကြည်နူးစေသည်” ဆိုတာကို ငါသဘောတူလား၊ မတူဘူးလား? အင်း သဘောတူတယ်။
(လုပ်ရပ်) မေးခွန်းမှာ ပါတဲ့ “ထောက်ခံ၍ဖြစ်စေ” ကို မျဉ်းတားလိုက်တယ်။

ဒီအထိဟာ မေးခွန်းကို နားလည်ခြင်း (Task awareness) အဆင့် ဖြစ်ပါတယ်။

၂။ Words development (ဆက်စပ်စကားလုံးများ (အမြန်) ချရေးခြင်း)

နောက်တစ်ဆင့်က Words development ဖြစ်ပါတယ်။ ၆။ (ခ) (၁) မှာ ပါတဲ့ စာစီစာကုံးမေးခွန်းအပေါ် အခြေခံပြီးတော့ အောက်ပါ စကားလုံးတွေကို စာမေးပွဲဖြေဆိုသူက အကြမ်းဖျင်း ချရေးကြည့်နိုင်ပါတယ်။
ဂီတ၊ နှလုံးသား၊ ပျော်ရွှင်၊ နှလုံးသည်းပွတ်၊ ညည်း၊ လူသီချင်းဆိုတတ်၊ သီချင်းဆိုတဲ့ငှက်

ဆက်စပ်စကားလုံးများ ချရေးခြင်း (Words development) အဆင့်ဟာ နောက်အဆင့် ၃ ခု ဖြစ်တဲ့ Title idea development၊ Sub-title ideas development နဲ့ Supporting ideas development တို့နဲ့လည်း ဆက်စပ်မှုရှိပြီးတော့ ကျောင်းသူ/သားတွေအနေနဲ့ Words development အပါအဝင် ဒီအဆင့်တွေအားလုံးကို တစ်ပြိုင်တည်းမှာ လုပ်ဆောင်နိုင်ပါတယ်။

၃။  Title idea development (စာစီစာကုံး၏ ပင်မအိုင်ဒီယာ (ခေါင်းစဉ်) ကို ဆုံးဖြတ်ရွေးချယ်ခြင်း)

Title idea development ဟာ စာစီစာကုံးရဲ့ အသက်ဖြစ်ပါတယ်။ စာစီစာကုံးတစ်ပုဒ်လုံးကို မောင်းနှင်သွားမဲ့ အင်ဂျင်လည်း ဖြစ်ပါတယ်။ စာစီစာကုံးတစ်ပုဒ်လုံးရဲ့ ခေါင်းစဉ်လည်း ဖြစ်နိုင်ပါတယ်။ Task awareness နဲ့လည်း ထပ်တူကျနိုင်ပါတယ်။ ဥပမာအားဖြင့် “သီချင်းဆိုခြင်းသည် လူ့စိတ်ကို ကြည်နူးစေသည်” ဆိုတဲ့ အဆိုကို အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း ထောက်ခံတယ်လို့ ယူကြည့်တဲ့အခါ စာဖြေသူအနေနဲ့ အောက်ပါ Title idea ကို ရွေးချယ်နိုင်ပါတယ်။
သီချင်းဆိုခြင်းသည် လူ့စိတ်ကို ကြည်နူးစေသည်ဟု ကျွန်ုပ် ထောက်ခံရသည့် အကြောင်းရင်းများ
သို့မဟုတ်
သီချင်းဆိုခြင်းက လူ့စိတ်ကို ကြည်နူးစေသည့် အဓိကအကြောင်းရင်း ၂ ခု

၎။ Sub-title ideas development (စာစီစာကုံး၏ အိုင်ဒီယာခွဲ (ခေါင်းစဉ်ခွဲ) များ ကို ဆုံးဖြတ်ရွေးချယ်ခြင်း) နှင့်
၅။ Supporting ideas development (ခေါင်းစဉ်ခွဲ တစ်ခုစီအတွက် အချက်အလက်များကို (အမြန်) ရွေးချယ်ရေးသားခြင်း)

Title idea ကို စာစီစာကုံးခေါင်းစဉ်လို့ စဉ်းစားရင် Sub-title idea တွေကို ခေါင်းစဉ်ခွဲတွေလို့ သတ်မှတ်နိုင်ပါတယ်။ ခေါင်းစဉ် (Title idea) အပေါ် မူတည်ပြီး Sub-title idea ၁ ခုတည်းလည်း ဖြစ်နိုင်ပါတယ်။ ၁ ခုမက ၂ ခု၊ ၃ ခုလည်း ဖြစ်သွားနိုင်ပါတယ်။ ဥပမာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေတဲ့သူက “သီချင်းဆိုခြင်းက လူသားများ၏စိတ်ကို ကြည်နူးစေသည့် အဓိကအကြောင်းရင်း ၂ ခု” ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်မယ်ဆိုကြပါစို့။ ပထမ Sub-title idea က အဓိက အကြောင်းရင်း ၁ ဖြစ်လာပြီးတော့ ဒုတိယ Sub-title idea က အဓိက အကြောင်းရင်း ၂ ဖြစ်လာပါမယ်။ စာစီစာကုံးကို အတည် ချမရေးခင် ပြင်ဆင်ချိန် ၅ မိနစ်အတွင်း အောက်ပါ Sub-title idea နဲ့ Supporting ideas တွေကို ကျောင်းသူ/သားများ ချရေးနိုင်ပါတယ်။

ပထမ Sub-title idea
သီချင်းဆိုခြင်းသည် ပန်းချီ၊ ပန်းဆယ်မျိုးကဲ့သို့ အနုပညာပုံစံတစ်ခု၊ အားထုတ်ရတဲ့အတွက် အောက်ဆီဂျင် ပိုရ၊ သွေးလည်ပတ်မှုကို အထောက်အကူပြု၊ လူစိတ်ကို ရွှင်လန်းစေ၊ ပင်ပန်းမှုကို ပြေပျောက်စေ၊ နှလုံးပျော်ရွှင်စေ၊

ဒုတိယ Sub-title idea
ကြည်နူးစရာ အခိုက်အတန့်များကို ပြန်လည်အမှတ်ရစေ၊ အပြုသဘောဆောင်သည့် သီချင်းများ၊ စိတ်ကို တက်ကြွစေ၊ အလုပ်လုပ်ရန်၊ စာပိုမိုလေ့လာရန်၊ အပြုသဘောဆောင်သည့် အတွေးအခေါ်၊ အပြောအဆို၊ အပြုအမူများ

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း TaWTiSS (တော်တစ်(စ)/ထောထစ်(စ)) နည်းလမ်းကို သုံးပြီးတော့ တက္ကသိုလ်ဝင်တန်း မြန်မာစာ စာစီစာကုံးမေးခွန်း ဖြေဖို့ ပြင်ဆင်မှု ပြုနိုင်ပါတယ်။ ပြင်ဆင်မှုအပိုင်းကို ၅ မိနစ်ထက်အချိန်ပိုယူပါက စာစီစာကုံး အမှန်တကယ်ရေးရမဲ့ အချိန်လျော့နည်းသွားနိုင်တာကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။ (အကြမ်း) ပြင်ဆင်မှုအတွက် သီးသန့်အမှတ်ပေးတာမျိုး ရှိမှာ မဟုတ်ပေမဲ့ စာစီစာကုံးတစ်ပုဒ် မရေးခင် အချိန်အနည်းငယ် (အများဆုံး ၄ ပုံ ၁ ပုံ) ယူပြီး ပြင်ဆင်ခြင်းအားဖြင့် ပိုမိုထိရောက်ကောင်းမွန်တဲ့ စာစီစာကုံးတွေ ရေးလာနိုင်ကြမှာ ဖြစ်ပါတယ်။ ရှေ့လာမဲ့ ဆောင်းပါးအပိုင်းတွေမှာ တက္ကသိုလ်ဝင် စာမေးပွဲ အင်္ဂလိပ်စာ အက်ဆေးမေးခွန်း၊ IELTS writing task 1 နဲ့ task 2 အက်ဆေးမေးခွန်းတွေကိုလည်း TaWTiSS နည်းလမ်းကို အသုံးပြုပြီး အချိန်ကန့်သတ်ချက်ဘောင်တစ်ခုအတွင်း ဘယ်လိုပြင်ဆင်မှု ပြုနိုင်တယ်ဆိုတာကို သရုပ်ပြရေးသားသွားမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါတယ်ခင်ဗျာ။

တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာ စာစီစာကုံး၊ အင်္ဂလိပ်စာအက်ဆေး၊ IELTS task 1 နဲ့ task 2 အက်ဆေး ရေးဖို့အတွက် အချိန်ဘယ်လောက်ရတယ်၊ စာတကယ်မရေးခင် ပြင်ဆင်တဲ့နေရာမှာ အချိန်ဘယ်လောက်ရတယ်၊ စာလုံးရေကန့်သတ်ချက်က ဘယ်လို ရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ရေးထားတဲ့ စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း ဆောင်းပါး အပိုင်း ၁ ကို ဒီမှာ သွားဖတ်လို့ ရပါတယ်။

Comments

Popular posts from this blog

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁