၂၁ရာစုပညာရေး အပိုင်း (၁)

https://christineonbecominga21stcenturyteacher.wordpress.com/2015/09/13/shifting-to-21st-century-learning/comment-page-1/
၂၁ရာစုမှာ အသိသာအထင်ရှားဆုံးအခြင်းအရာတစ်ခုကတော့ အလုပ်အကိုင်ပုံစံများပြောင်းလဲလာခြင်းပဲဖြစ်ပါတယ်။ အလုပ်ပုံစံဟောင်းတွေပျောက်ကွယ်လာပြီး အလုပ်အကိုင်ပုံစံသစ်တွေပေါ်လာနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ပထမဆုံးအမေရိကန်အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီး မယ်ဒလင်းအောဘရိုက်က မိန့်ခွန်းတစ်ခုမှာဒီလိုပြောဖူးပါတယ်။ "ကျွန်မတို့ငယ်ငယ်က ဂျနရယ်မော်တာက အမေရိကန်ရဲ့အကြီးဆုံးစီးပွားရေးလုပ်ငန်းဖြစ်ပြီး ဝန်ထမ်းခြောက်သိန်းကျော်တောင်ရှိပါတယ်။ အခုFacebookရဲ့ပိုင်ဆိုင်မှုက ၁၉ဘီလီယံဒေါ်လာ အလုပ်သမားကတော့ ၅၅ယောက်ပဲရှိပါသတဲ့။"

ဒါဖြင့်အလုပ်အကိုင်တွေရှားသွားတာလား။ ဒီလိုတော့လည်းမဟုတ်ပါဘူး။ အမေရိကန်ပြည်ထောင်စုက Elanceဆိုတဲ့ websiteတစ်ခုမှာ အလုပ်အပ်ချင်တဲ့သူနဲ့ အလုပ်လုပ်ပေးမဲ့သူတွေတွေ့ဆုံပြီး အလုပ်လုပ်နေကြတာ လွတ်လပ်တဲ့အလုပ်အကိုင်ပမာဏ၅သန်းလောက်ရှိပြီး နှစ်စဉ်ဝင်ငွေ စုစုပေါင်း ဒေါ်လာတစ်ဘီလျံလောက်ရှိပါသတဲ့။ ပိုတိုးလာဦမယ့်အလားအလာလည်းရှိနေပါတယ်။ ဟာဒါအမေရိကန်မှာဖြစ်နေတာပါ တို့ဆီမှာဝေးပါသေးတယ်ဆိုသူများ မြန်မာပြည်မှာကွန်ပျူတာတွေရောက်လာပြီးစာပုံနှိပ်လုပ်ငန်းတွေဘယ်လောက်မြန်မြန်ပြောင်းလဲခဲ့တယ်ဆိုတာ တွေးကြည့်ကြပါ။

ဒီနေရာမှာ ပညာရေးသမားတွေအတွက် အရေးကြီးတဲ့မေးခွန်းက ဒီလိုအပြောင်းအလဲများတဲ့ကာလမှာ တို့ကလေးတွေကို ကျောင်းတွေကနေ ဘာတွေကြိုတင်ပြင်ဆင်ပြီး သင်ပေးလိုက်ရမလဲဆိုတာပါ။ စီမံခန့်ခွဲမှုပညာဂုရုကြီးပီတာဒရပ်ကာကတော့ ၂၁ရာစုဆိုတာအပြောင်းအလဲတွေကများလွန်းမြန်လွန်းတော့ ရှေ့ဘာဖြစ်မယ်ဆိုတာပြောဖို့ခက်လွန်းလို့ အဆက်ပြတ်သွားတဲ့ခေတ်(Age of Discontinuity)လို့ဆိုပါတယ်။ ဒီတော့ဘာ(what to learn)တွေသင်ပေးဖို့ထက် ဘယ်လို(how to learn)ကိုသင်ပေးဖို့ပိုအရေးကြီးပါသတဲ့။ ဟင်းစားထက်ကွန်ချက်ကိုပေးလိုက်ပါပေါ့။ အဲဒီကွန်ချက်တွေထဲကမှ အရေးအကြီးဆုံး(၅)ခုကိုဆွေးနွေးကြည့်ကြပါစို့။

#(၁)စာဖတ်ခြင်းကိုချစ်အောင်သင်ပေးပါ
ပညာရေးအရည်အသွေးစစ်ဆေးလွှာတစ်ခုဖြစ်တဲ့ PISA Test ရလဒ်တွေအရ စာဖတ်စွမ်းရည်မြင့်မားတဲ့ကလေးတွေဟာ အလုပ်အကိုင်ကောင်းတွေပိုရပြီး လုပ်ငန်းခွင်မှာပိုအောင်မြင်တတ်ပါတယ်တဲ့။ လုပ်ငန်းခွင်မှာလိုအပ်တဲ့စွမ်းရည်တွေကိုသင်ယူနိုင်စွမ်းလဲပိုမြင့်ပါသတဲ့။ ဒီနေရာမှာ သတိထားရမှာက စာဖတ်စွမ်းရည်ဆိုတာနဲ့ စာကျက်နိုင်တာ မတူဘူးဆိုတာပါဘဲ။ စာတစ်မျက်နှာကိုကျက်ခိုင်းရင်ခဏလေး "သည်၊၏"မရွေးရပေမယ့် ဖတ်ခိုင်းပြီးဘာတွေရေးထားလဲဆိုရင် နားမလည်တဲ့ကလေးတွေကျွန်တော်အများကြီးတွေ့ဖူးပါတယ်။ စာဖတ်စွမ်းရည်ဆိုတာစာကိုဖတ်ကြည့်၊နားလည်၊ အသိဥာဏ်တိုးပြီး လက်တွေ့ဘဝမှာအသုံးချနိုင်သွားတဲ့စာဖတ်ခြင်းမျိုးကိုဆိုလိုတာပါ။ မှားယွင်းတဲ့ပညာရေးစနစ်ဟာ ကလေးတွေရဲ့စာဖတ်ချင်စိတ်၊ စာဖတ်ရမှာကိုချစ်တဲ့စိတ်ကို သတ်သလိုဖြစ်နေတာ ဝမ်းနည်းစရာကောင်းလှပါတယ်။

#(၂)ကိုယ်တိုင်သင်ယူလေ့လာတတ်အောင်သင်ကြားပေးပါ
ကျွန်တော်တို့ YUOEမှာဖတ်ခဲ့ရတာတော့ Learning to learnပေါ့။ ကလေးတွေဟာ လက်တွေ့လောကကြီးထဲကိုဝင်ရောက်ရင် သူတို့ကိုဘယ်သူကမှ ကျောင်းမှာလိုအစအဆုံး ဆရာတွေကလိုက်သင်ပေးနေမှာမဟုတ်တဲ့အတွက် တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ကိုယ်တိုင်သင်ယူလေ့လာတတ်ဖို့ ဆရာတွေကလေ့ကျင့်ပေးလိုက်ရပါမယ်။ အုပ်စုလိုက်လေ့လာသင်ယူမှုဆိုတာအလွန်အရေးကြီးပါတယ်။

လုပ်ငန်းခွင်မှာကိုယ်တစ်ယောက်တည်းလုပ်ရကိုင်ရတာရှိသလို အများနဲ့ပူးပေါင်းလုပ်ရတာလဲရှိတော့ အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ဖို့ကျောင်းမှာကတည်းက လေ့လာသင်ယူသွားရပါမယ်။ မြန်မာကျောင်းသားတွေမှာ အုပ်စုလိုက်သင်ယူတဲ့ဓလေ့အတော်နဲပါးခဲ့တော့ ပူးပေါင်းဆောင်ရွက်တတ်တဲ့နေရာမှာ မြန်မာလူမျိုးတွေဟာအတော်အားနည်းတတ်ပါတယ်။ ကိုယ်ဆရာကြီးလုပ်ရရင်လုပ်ရ၊ မလုပ်ရရင်ဘေးထိုင်ဘုပြောပြီး ဖျက်လုပ်ဖျက်ဆီးလုပ်တော့တာပါပဲ။ ဒီတော့ဆရာတွေအနေနဲ့လည်း တတ်နိုင်သလောက်သင်ကြားပေးသူ၊ ပို့ချပေးသူနေရာကိုလျော့ယူပြီး ကျောင်းသားတွေကိုကိုယ်တိုင်သင်ယူနိုင်အောင်(သို့)သင်ယူမှုလုပ်ငန်းမှာ ကိုယ်တိုင်တက်တက်ကြွကြွပါဝင်လာအောင်တွန်းအားပေးကြရပါလိမ့်မယ်။

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁