၂၁ရာစုပညာရေး အပိုင်း(၂)

https://www.slideshare.net/vajidchankarath/the-4-cs-ppt
(၃)ကိုယ်ပိုင်အတွေးအခေါ်ရှိအောင်သင်ကြားပေးပါ

သမရိုးကျပညာသင်ကြားရေးစနစ်က မျိုးဆက်ဟောင်းတွေရဲ့အတွေ့အကြုံ၊အတွေးအမြင်တွေကို မျိုးဆက်သစ်တွေကိုလက်ဆင့်ကမ်းမျှဝေပေးတဲ့အလုပ်ကို အဓိကဆောင်ရွက်ပါတယ်။ သီအိုရီသဘောတရားတွေ အတွေးအခေါ်အယူအဆတွေ နည်းနာနိသယတွေနဲ့ လက်တွေ့ဘဝမှာပြသနာတွေကြုံလာရင် ဒါတွေကိုသုံးပြီးဘယ်လိုရင်ဆိုင်ဖြေရှင်းရမယ်လို့ သင်ကြားပေးတာဖြစ်ပါတယ်။

သို့သော် ၂၁ရာစုရောက်လာတဲ့အခါ ဒီကလေးတွေလက်တွေ့လောကထဲဝင်မယ့် နောက်ငါးနှစ် သို့မဟုတ် နောက်ဆယ်နှစ်မှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမှာလဲဆိုတာ မှန်းဆနိုင်ဖို့အလွန်ခက်ခဲနေပါပြီ။ သေချာတာကတော့ နည်းပညာရဲ့တိုးတက်ပြောင်းလဲလာမှုနဲ့အတူ လက်တွေ့ဘဝပြဿနာတွေဟာ ပိုပြီးကျယ်ပြန့်ရှုပ်ထွေးလာနေပါတယ်။ ဥပမာပြောရရင် ကွန်ပျူတာနည်းပညာတွေဟာ ၁၈လကိုနှစ်ဆပွားနေတယ်လို့ နယူးယောက်တိုင်းသတင်းစာဆရာ တောမတ်စ်ဖရီးမင်းက သူ့ရဲ့နာမည်ကျော်စာအုပ်"ကမ္ဘာပြားပြီ"မှာဆိုပါတယ်။ ဒီနှုန်းနဲ့ဆိုရင် ကျောင်းမှာသင်ပေးလိုက်တာ ကွန်ပျူတာနည်းပညာတွေဟာ နောက်ငါးနှစ်လောက်နေရင် သုံးလို့မရသလောက်နီးပါး ခေတ်နောက်ကျနေတော့မှာပါ။

ဒီလို သဘောတရားဟောင်းတွေ နည်းဗျူဟာအဟောင်းတွေနဲ့ ရင်ဆိုင်ဖြေရှင်းဖို့မလုံလောက်အောင် ခက်ခဲတဲ့ပြဿနာအသစ်တွေနဲ့ မလွဲမသွေရင်ဆိုင်ရတော့မယ့် ကလေးတွေအတွက် စာသင်ခန်းထဲမှာ ကျွန်တော်တို့ ဘယ်လိုအကောင်းဆုံးပြင်ဆင်ပေးလိုက်နိုင်ပါမလဲ။ ကျွန်တော့်အမြင်ပြောရရင်တော့ အသစ်အဆန်းအပြောင်းအလဲကိုမကြောက်တဲ့ ပြဿနာတစ်ရပ်ကိုရှု့ထာင့်အမျိုးမျိုးကဝေဖန်ဆန်းစစ်အဖြေရှာနိုင်တဲ့ လိုအပ်ရင်အတွေးဟောင်းဘောင်တွေထဲကထွက်တွေးရဲပြီး ကိုယ်ပိုင်အတွေးအခေါ်တည်ဆောက်တတ်တဲ့ ကလေးမျိုးတွေဖြစ်အောင်လေ့ကျင့်သင်ကြားပေးလိုက်ဖို့ပါပဲ။ ကျောင်းမှာသင်ကြားပေးတဲ့သင်ခန်းစာတွေဟာ အတုံးလိုက်အတစ်လိုက်ကျက်မှတ်ပြီး ပြန်အန်ထုတ်သလိုအဖြေလွှာထဲမှာရေးချပြီးအမှတ်ရဖို့ထက် ကိုယ်ပိုင်အတွေးအခေါ်ရှိတဲ့ လူငယ်လေးတွေဖြစ်အောင် ကူညီပေးဖို့ဖြစ်သင့်ပါတယ်။

ဒါဖြင့် ကျောင်းမှာသင်ရတဲ့သီအိုရီသဘောတရားဟောင်းတွေက လက်တွေ့ဘဝမှာသုံးစားမရဘူးပေါ့။ ဒီလိုမေးရင်တွေးရင်တော့အစွန်းရောက်လွန်းရာကျတယ်လို့ပြောရမှာပဲ။ အစွန်းဆိုရင်ဘယ်အစွန်းမှမကောင်းပါဘူး။ ပြုတ်ကျတတ်လို့ပါ။ အစွန်းမရောက်ရအောင် Multiple Intelligenceသီအိုရီနဲ့ကမ္ဘာကျော်ခဲ့တဲ့ သိမှုစိတ်ပညာရှင် "Howard Gardner"ရဲ့စကားတစ်ခုကိုးကားပါရစေ။ "ကျွန်တော်တို့ တီထွင်ဖန်တီးမှုအကြောင်းပြောတဲ့အခါ သေတ္တာအပြင်ကိုဖောက်ထွက်တွေးခြင်း(thinking out of the box)လို့မကြာခဏပြောကြတယ်။ ဒါပေမယ့်ကျွန်တော်တို့မှာသေတ္တာမရှိသေးဘဲနဲ့တော့ သေတ္တာအပြင်ဖက်ထွက်တွေးလို့မရပါဘူး။" မြန်မာလိုဆိုရင်တော့ "ဝမရှိဘဲဝိလုပ်လို့မရ"လို့ပြောရင် နီးစပ်မယ်ထင်ပါရဲ့။

ဒီတော့ နံပါတ်(၃)အချက်ကို နိဂုံးချုပ်ရရင် ကျောင်းစာသင်ခန်းထဲမှာ ကျွန်တော်တို့ကျောင်းသားတွေကို "ဝ"ကိုကျကျနနဘယ်လိုသင်ပေးလိုက်ပြီး လိုအပ်လာရင် ရဲရဲဝံ့ဝံ့ ပြုလွယ်ပြောင်းလွယ်နဲ့ အဟောင်းတွေကဖောက်ထွက်ဆန့်ထွက်ပြီး "ဝိ"လုပ်ရဲတဲ့ စိတ်ဓာတ်စွမ်းရည်မျိုးကို ဘယ်လိုဟန်ချက်ညီညီမျိုးစေ့ချပေးလိုက်ကြမယ်ဆိုတာ ၂၁ရာစုပညာရေးရဲ့အရေးပါတဲ့ အခြင်းအရာတစ်ခုဖြစ်ပါကြောင်း။

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁