ဘာသာရပ်ရွေးချယ်တဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်များ

https://www.oclc.org/zh-Hans/school.html
မဲလ်ဘုန်းတက္ကသိုလ်မှာ ပညာရေးမဟာဘွဲ့တက်တော့ မဖြစ်မနေ ယူရတဲ့ ဘာသာရပ်တွေ ၆ ခုကလွဲလို့ ကျန်တဲ့ ဘာသာရပ် ၁၀ ခု ကို ကိုယ့်ဘာသာရွေးချယ်ရပါတယ်။ optional ထဲက အများဆုံး ၆ ခု နဲ့ elective ထဲက အများဆုံး ၄ ခု ရွေးတက်ရပါတယ်။ ဒီ လမ်းကြောင်းနှစ်ခုစလုံးမှာ ရွေးချယ်စရာ အများကြီးရှိတဲ့အတွက် ကိုယ်ပေးရတဲ့အချိန်နဲ့ ထိုက်တန်၊ ကိုယ့်လိုအပ်ချက်နဲ့လည်း ကိုက်ညီ၊ နောင်မှာလည်း ကိုယ့်အတွက်အသုံးဝင်မဲ့ ဘာသာရပ်တွေ ရွေးချယ်တက်ဖို့ အင်မတန် အရေးကြီးပါတယ်။ အဲဒီလို ရွေးချယ်တဲ့အခါ တတ်နိုင်သမျှ ဘာသာရပ်နဲ့ ပတ်သက်တဲ့ အချက်အလက်၊ အကြောင်းအရာတွေ များနိုင်သမျှ များများ သိထားရင် ပိုပြီးတော့ မှန်မှန်ကန်ကန် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

အများအားဖြင့် တက္ကသိုလ်ကျောင်းတွေက ဘာသာရပ်နဲ့ ပတ်သက်လို့သော်လည်းကောင်း၊ course တစ်ခုလုံးနဲ့ ပတ်သက်လို့သော်လည်းကောင်း အချက်အလက်တော်တော်များများကို အင်တာနက်ပေါ် တင်ထားပြီးသား ဖြစ်ပါလိမ့်မယ်။ ယူနီမဲလ်ဘုန်းမှာဆိုရင် course နဲ့ subjects (ဘာသာရပ်) တွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို () မှာ တင်ထားပေးပါတယ်။ အခုမှ ကျောင်းနဲ့ course စ ပြီးရွေးချယ်ရမဲ့သူတွေအတွက်က course နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို အရင်စရှာဖို့လိုပါမယ်။ ဒါပေမဲ့ ဒီမှာတော့ စာသင်နှစ်အသစ်တစ်ခုစတိုင်း ကျောင်းပြန်အပ်တဲ့အခါ လုပ်ရလေ့ရှိတဲ့ ဘာသာရပ်ရွေးချယ်မှုအကြောင်းကိုပဲ အကြမ်းဖျဉ်း ပြောပြချင်ပါတယ်။ Handbook ဝပ်ဆိုဒ်မှာ ဝင်ကြည့်တဲ့အခါ ဘာသာရပ်တိုင်းအတွက် အောက်ပါအချက်အလက်တွေကို တက္ကသိုလ်က ဖော်ပြထားပါတယ်။

Overview
Eligibility and requirements
Assessment
Dates and times
Further information
Timetable

အချိန်ရရင်ရသလို အားလုံးကို သေသေချာချာ ကြည့်ရှုသင့်ပေမဲ့ ကျွန်တော်အနေနဲ့ကတော့ Assessment နဲ့ Dates and times ကို အထူးဂရုပြုပြီး ကြည့်ပါတယ်။ Assessment မှာ သက်ဆိုင်ရာဘာသာရပ်တစ်ခုချင်းစီအတွက် တတ်မြောက်မှုစစ်ဆေးတာကို ဘယ်လိုလုပ်မှာဆိုတဲ့ အချက်အလက်တွေကို ဖော်ပြထားလေ့ရှိတယ်။ ဥပမာ ဒုတိယစာသင်နှစ်ဝက်အတွက် ကျွန်တော် စာရင်းသွင်းထားတဲ့ EDUC90943 – Marketing and Innovation in Education ဆိုတဲ့ ဘာသာရပ်မှာဆိုရင် စာလုံးရေ ၂၅၀၀ နဲ့ ၁၅၀၀ ရေးရမဲ့ research project နှစ်ခု၊ ဒုတိယ project ကို နှုတ် (အပြောဘာသာစကား) နဲ့ ပြန်လည်တင်ပြရတဲ့ oral presentation တစ်ခု ဆိုပြီး major assignment ၃ ခု ရှိတယ်။ အတန်းကိုလည်း အနည်းဆုံး ၈၀ ရာခိုင်နှုန်းပြည့်အောင် တက်ရမယ်ဆိုတဲ့ သတ်မှတ်ချက်လည်း ရှိတယ်။

Dates and times နဲ့ ပတ်သက်ပြီး တချို့ဘာသာရပ်တွေက ဇန်နဝါရီလကုန်လောက် အစောဆုံးစပေမဲ့ အခုဘာသာရပ်က ဧပြီ ၁ ရက်နေ့ကို pre-teaching စ မယ်။ စာသင်တဲ့ကာလ (teaching period) က မေလ ၃ ရက်နေ့ကနေ ဇွန်လ ၁ ရက်နေ့အထိ ဆိုတော့ နည်းနည်းစောစောပိုစမဲ့ ဘာသာရပ်တွေနဲ့တော့ အပြိုင်ဖြစ်တော့မှာ မဟုတ်တဲ့အတွက် လာမဲ့ ဒုတိယစာသင်နှစ်ဝက်က ပထမစာသင်နှစ်ဝက်လောက် အသည်းအသန် မဖြစ်တော့ဘူးလို့ မျှော်လင့်ရတာပဲ။ Dates and times မှာပဲ သက်ဆိုင်ရာဘာသာရပ်ကို သင်ကြားမဲ့ ဆရာ/မ နာမည်ကိုလည်း ဖော်ပြထားပါတယ်။ တချို့ကျောင်းသားတွေက ဘာသာရပ်ကို ရွေးချယ်တဲ့အခါ ဆရာ/မကိုလည်း ကြည့်ပါတယ်။ စာအသင်အပြပိုကောင်း၊ အမှတ်ပေး ပိုရက်ရောတဲ့ ဆရာ/မတွေကို ရွေးကြတာတွေ့ရတယ်။

Eligibility and requirements က course တစ်ခုလုံးတက်တဲ့ဟာအတွက် အချက်အလက်တွေ ပိုများပြီးတော့ ဘာသာရပ်တစ်ခုချင်းစီအလိုက်ကတော့ သီးခြား requirement လိုတဲ့ ဘာသာရပ်ကတော့ အနည်းစုပဲဖြစ်ပါတယ်။ Requirement သီးခြားလိုတဲ့ ဘာသာရပ်တွေမှာဆိုရင် သူနဲ့အပြိုင်ယူရမဲ့ တခြားဘာသာရပ်တွေ ရှိတာမျိုး၊ အဲဒီဘာသာရပ်ကို မယူခင် ကြိုယူထားရမဲ့ ဘာသာရပ်တွေ ရှိတာမျိုး ဖြစ်တတ်ပါတယ်။

ဘာသာရပ်ရွေးချယ်မှုအကြောင်း တချို့တစ်ဝက်ပြောပြထားတဲ့ ဒီဗီဒီယိုကိုလည်း ယူကျူ့ပ်မှာ သွားကြည့်လို့ရပါတယ်။



Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁