ဗီယက်နမ်ပညာရေးကနေဘာတွေအတုယူကြမလဲ
ဗီယက်နမ်ပညာရေးကနေဘာတွေအတုယူကြမလဲ
ဗီယက်နမ်ဆိုတာ သမိုင်းမှာအင်အားကြီးနိုင်ငံတွေရဲ့ကျူးကျော်မူကိုအကြိမ်ကြိမ်ခံခဲ့ရတဲ့တိုင်းပြည်။ တိုင်းပြည်နှစ်ခြမ်းကွဲလောက်အောင်ပြည်ပကျူးကျော်စစ်၊ပြည်တွင်းစစ်ဒဏ်တွေခံခဲ့ရတဲ့တိုင်းပြည်။ သို့ပေမယ့် အခု၂၁ရာစုဗီယက်နမ်ဟာ ရာဇဝင်ထဲကဇာမနီငှက်လိုအင်အားအပြည့်နဲ့ ပြန်လည်နိုးထလာခဲ့ပြီး အာရှရဲ့တက်သစ်စစီးပွားရေးကျားတစ်ကောင်လို့သတ်မှတ်ခံနေရပါပြီ။ စီးပွားရေးမှာတင်မဟုတ်ပဲ ပညာရေးမှာလဲ ဗီယက်နမ်ရဲ့ တိုးတက်လာမူဟာ ကမ္ဘာမှာ အံဩလောက်စရာဖြစ်လာနေပါတယ်။
၂၀၁၂နဲ့၂၀၁၅ခုနှစ်တွေမှာ စစ်ဆေးခဲ့တဲ့ နိုင်ငံတကာကျောင်းသားများပညာရေးအဆင့်အကဲဖြတ်မူ(PISA)အရ ဗီယက်နမ်ဟာ US/UKတို့လိုဖွံဖြိုးပြီးနိုင်ငံတွေကိုကျော်တက်ပြီး နှစ်ကြိမ်ဆက်တိုက်ကမ္ဘာ့အဆင့်(၈)နေရာမှာရပ်တည်နိုင်ခဲ့ပါတယ်။ PISA(Programme for International Student Assessment)ဆိုတာကတော့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ဖွံဖြိုးတိုးတက်မူအဖွဲ့(OECD)ကဦးဆောင်ပြီး နိုင်ငံပေါင်းခြောက်ဆယ်ကျော်က (၁၅)နှစ်အရွယ်ကျောင်းသားငါးသိန်းကျော်ကို သင်္ချာ၊သိပ္ပံနဲ့စာဖတ်စွမ်းရည်တွေစစ်ဆေးတာဖြစ်ပါတယ်။ PISAကို ၂၀၀၀ခုနှစ်ကစတင်ခဲ့ပြီး သုံးနှစ်တစ်ကြိမ်စစ်တယ်ဆိုပါတယ်။
ဗီယက်နမ်ရဲ့ကာလတိုအတွင်း တဟုန်ထိုးအောင်မြင်မူဟာ နိုင်ငံတကာပညာရေးလေ့လာသူတွေကို အံ့ဩချီးမွမ်းစရာဖြစ်စေခဲ့ပါတယ်။ ဗီယက်နမ်ပညာရေးအောင်မြင်မူရဲ့အကြောင်းအရင်းတွေကို OECDရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ Andreas Schleicherက အောက်ပါအတိုင်း သုံးသပ်ပြပါတယ်။
# ဗီယက်နမ်အစိုးရပိုင်းက ပညာရေးဆိုင်ရာအဆင့်မြင့်အရာရှိတွေဟာ လူငယ်တွေရဲ့ပညာရေးကိုအကောင်းဆုံးဖြည့်ဆည်းပေးနိုင်ဖို့အမြဲတွေးတောကြံဆပြီး ကြိုးပမ်းအားထုတ်နေကြပါတယ်တဲ့။ ဗီယက်နမ်ခေါင်းဆောင်တွေရဲ့ပညာရေးအပေါ်အလေးအနက်ထားတဲ့သဘောထားနဲ့ ပညာရေးတိုးတက်ဖို့ခိုင်မာတဲ့သန္နိဋ္ဌာန်ကတော့ ကမ္ဘာမှာ ရှားရှားပါးပါးလို့ပြောရလောက်ပါတယ်။
## ဗီယက်နမ်ပညာရေးဝန်ကြီးဌာနဟာ ပညာရေးအရအောင်မြင်နေတဲ့အခြားနိုင်ငံတွေရဲ့နမူနာကောင်းတွေကိုလေ့လာသင်ယူပြီး ရေရှည်စီမံကိန်းတွေကိုစနစ်တကျရေးဆွဲချမှတ်ပါတယ်။ ဒီစီမံကိန်းတွေအောင်မြင်စေရေးအတွက် လိုအပ်တဲ့ငွေကြေးကိုလည်း အတွန့်မတိုပဲ သုံးစွဲပါသတဲ့။ ဥပမာ ၂၀၁၀ခုနှစ်မှာ တိုင်းပြည်ပညာရေးအတွက်အသုံးစရိတ်ဟာ အစိုးရအသုံးစရိတ်စုစုပေါင်းရဲ့ ၂၁%နီးပါးရှိပြီး ချမ်းသားတဲ့နိုင်တွေဖြစ်တဲ့OECDနိုင်ငံတွေနဲ့ယှဉ်ရင်တောင် ဒါဟာတော်တော်များတဲ့အသုံးစရိတ်အချိုးအစားဖြစ်ပါတယ်။
### ကျောင်းသားလူငယ်တွေ စာသင်ခန်းထဲမှာခေတ်မမီတော့တဲ့အကြောင်းအရာတွေကို ပျင်းရိငြီးငွေ့ဖွယ်သင်ယူပြီး အလွတ်ကျက်မှတ်ရတဲ့စနစ်ကိုပြုပြင်ပြီး ဘဝမှာရေးကြီးတဲ့အတွေးအခေါ်နဲ့စွမ်းရည်တွေရသွားစေဖို့ သင်ရိုးညွှန်းတမ်းစနစ်တကျဒီဇိုင်းရေးဆွဲပြီး ကျောင်းတွေမှာပြဌာန်းပါတယ်။ ဗီယက်နမ်ဆရာတွေနဲ့ကျောင်းသားတွေရဲ့ စာသင်ခန်းတွင် တက်ကြွတဲ့သင်ကြားသင်ယူမူဟာ လေ့လာအကဲဖြတ်သူတွေကို အံချီးဖွယ်ဖြစ်စေခဲ့ပါတယ်။
#### ဗီယက်နမ်လူ့အဖွဲ့အစည်းမှာဆရာအသက်မွေးမူဟာ လေးစားစရာလို့သတ်မှတ်ကြပါတယ်တဲ့။ ဆရာတွေဟာသင်ကြားရေးမှာလွတ်လပ်ခွင့်ရှိပြီး ဆရာတွေရဲ့ဘဝနဲ့သင်ကြားရေးစွမ်းရည်တိုးတက်မြင့်မားဖို့ အစိုးရကအခွင့်အလမ်းတွေ၊အထောက်အပံတွေပေးပါတယ်။ ဒါကြောင့် ဆရာတွေဟာ လုပ်ငန်းခွင်မှာပျော်ရွှင်ကြပြီး ကျောင်းသားတွေရဲ့ပညာတတ်မြောက်မူ၊စွမ်းရည်တိုးတက်မူမှာစိတ်ရောကိုယ်ပါကြိုးစားနိုင်ကြပါတယ်။
အတိုချုပ်ပြောရရင် ဒီလိုခိုင်မာတဲ့ခေါင်းဆောင်မူ၊ ခေတ်မီကောင်းမွန်တဲ့သင်ရိုးညွှန်းတမ်း၊ ပညာရေးနဲ့ဆရာတွေရဲ့ဘဝနဲ့အရည်အသွေးမြင့်မားတိုးတက်ရေးအတွက်မတွန့်မတိုရင်းနှီးမြုပ်နှံမူတွေကြောင့် ဗီယက်နမ်ပညာရေးဟာ အိမ်နီးချင်းတွေကို အချိန်တိုအတွင်းဖြတ်ကျော်အောင်မြင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း။
Ref:
(1) http://www.bbc.com/news/business-33047924#
Comments
Post a Comment