စိတ်ခံစားမူကိုလေ့ကျင့်ပျိုးထောင်ခြင်း
စိတ်ခံစားမူကိုလေ့ကျင့်ပျိုးထောင်ခြင်း
လူအများနဲ့နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်အကိုင်မျိုးမှာ လုပ်နေတဲ့သူတွေဟာ လူအမျိုးအမျိုးစိတ်အထွေထွေနဲ့ ပြောဆိုဆက်ဆံလုပ်ကိုင်နေရတာ ဖြစ်တဲ့အတွက်ကြောင့် စိတ်ကျေနပ်ပျော်ရွှင်ရတဲ့ အခိုက်အတန့်တွေရှိသလို စိတ်အခန့်မသင့်၊စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ကိစ္စတွေကလည်းမလွဲဧကန်ကြုံကြရတယ်။ အထူးသဖြင့်မတူညီတဲ့ ဓလေ့ထုံးစံ၊ မတူညီတဲ့ အရပ်ဒေသ၊ မတူညီတဲ့မိသားစုတွေကနေပေါက်ဖွားလာကြတဲ့ ကလေးပေါင်းများစွာနဲ့ နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ဆရာ၊ဆရာမတွေရဲ့ နေ့တစ်ဓူဝ လုပ်ငန်းဆောင်တာတွေကလည်း အမြဲတမ်းချောမွေ့မနေနိုင်ဘူး။ စိတ်ခံစားမှုတွေနဲ့ဖွဲ့စည်းထားတဲ့လူတွေဖြစ်တဲ့အတွက်ကြောင့် စိတ်ပင်ပန်းမှုတွေကြုံရတဲ့အချိန်မှာ ကိုယ်တာဝန်ယူထားရတဲ့လုပ်ငန်းတွေကို ထိရောက်ပြီးမြောက်အောင် ဆောင်ရွက်ကြတဲ့နေရာမှာ အခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။ စိတ်ခံစားမှုလို့ဆိုရင်တော့ ဖြစ်စဉ်တစ်ခုအပေါ်မှာ လူတစ်ဦးတစ်ယောက်စီတိုင်းကသူတို့ဖြတ်သန်းလာတဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေအပေါ်မူတည်ပြီး ဘယ်လိုတွေးခေါ်တုန့်ပြန်သလဲဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုလေ့ရှိကြပါတယ်။ စာသင်ကြားနေရတဲ့ ဆရာ၊ဆရာမတွေလုပ်ငန်းခွင်မှာ တွေ့ကြုံရတဲ့ ကောင်းခြင်းဆိုးခြင်း စိတ်ခံစားချက်တွေဟာ
ကိုယ်တိုင်အတွက်လည်းအလွန်အရေးကြီးသလို သင်ကြားရေးမှာဆက်စပ်နေတဲ့ ကျောင်းသူကျောင်းသား တွေအပေါ်မှာလည်း လွှမ်းမိုးမှုရှိတာမို့ သတိပြုအလေးထားဖို့ အရေးကြီးလှပါတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့ လုပ်ငန်းခွင်မှာကြုံတွေ့ရတဲ့၊ ကြုံတွေ့နိုင်တဲ့ စိတ်ခံစားမှုအခြေအနေတွေကို ဘယ်လိုသတိပြုမိအောင်လုပ်ဆောင်ရမလဲ၊ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်သလဲဆိုတဲ့ အကြောင်းအရာနဲ့ပတ်သတ်ပြီး နည်းလမ်း ၂ သွယ်အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။ ပထမနည်းလမ်းတစ်ခုကတော့
ကိုယ့်စိတ်ခံစားချက် အပေါ်မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုမျိုးရှိလာနိုင်တဲ့ အကြောင်းအရာ အခြေအနေတွေကို ကြိုတင်တွက်ဆပြီး အတတ်နိုင်ဆုံးရှောင်ရှားတာမျိုး (antecedent-focused emotion regulation) လို့ခေါ်ပြီး၊ ဒုတိယနည်းလမ်းတစ်ခုကတော့ ကိုယ်ကြုံတွေ့ရတဲ့အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး အကောင်းဆုံးဖြစ်နိုင်မယ့် တုန့်ပြန်မှုကို ရှာဖွေတာမျိုး (Response-focused emotion regulation) လို့ခေါ်ပါတယ်။ ပထမနည်းလမ်းမှာဆိုရင်တော့ ကိုယ့်ကိုစိတ်အနှောင့်အရှက်ဖြစ်စေနိုင်မယ့် အခြေအနေ၊ လူပုဂ္ဂိုလ် တွေကိုအတတ်နိုင်ဆုံးရှောင်ရှားတာမျိုး၊ ရှောင်လွှဲလို့မရနိုင်တဲ့အခြေအနေမျိုးတွေမှာဆိုရင် ကိုယ့်စိတ်အာရုံတွေကို အခြားအကျိုးရှိစေမယ့်အရာတွေမှာလွှဲပြောင်းထားနိုင်အောင်ကြိုးစားတာမျိုး၊ ကိုယ့်ရဲ့အတွေးအမြင်စိတ်ခံစားချက်တွေကို သိနားလည်ပြီး သတိပြုမိတဲ့ အလေ့အကျင့်မျိုးရအောင် ကြိုးပမ်းရတဲ့နည်းလမ်းတွေပါဝင်ပြီးတော့ ဒုတိယနည်းလမ်းမှာဆို ရင်တော့ကိုယ်ကြုံတွေ့လာရတဲ့ ဖြစ်ရပ်ပေါ်မှာမူတည်ပြီး အသင့်လျော်ဆုံးဖြစ်နိုင်မယ့် အပြုအမူ၊ တုန့်ပြန်မှုမျိုးကို ပြုလုပ်နိုင်ဖို့ကြိုးပမ်းလုပ်ဆောင်မှုတွေပါဝင်ပါတယ်။ ပထမနည်းလမ်းကတော့ ဖြစ်လာနိုင်တဲ့အခြေအနေတွေကို ကြိုတင်တွက်ဆပြီး ကာကွယ်နိုင်တဲ့အတွက်ကြောင့် မိမိစိတ်ခံစားမှုအပေါ် မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုမျိုးတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ သို့သော် လူအများနဲ့ထိတွေ့ဆက်ဆံလုပ်ဆောင်ရတဲ့ အခါမျိုးမှာ မျှော်လင့်မထားတာမျိုးတွေလည်းများစွာကြုံတွေ့နိုင်တဲ့အတွက်ကြောင့် ဒုတိယနည်းလမ်းဟာ အကောင်းဆုံးတုန့်ပြန်မှုမျိုး ဖြစ်နိုင်အောင် အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။

Ref: Teachers' emotions and emotion regulation strategies by Jingwen Jiang, Marja Vauras, Simone Volet, Yill Wang
Photo-internet
Photo-internet
Comments
Post a Comment