ကျောင်းသားတွေ မတူညီကြရင် ဘယ်လိုသင်ကြားမလဲ (၁)
တစ်နေ့ စာသင်ခန်းဝင်ဖို့ စဉ်းစားပြင်ဆင်နေလိုက်တယ်။ သင်ကြားမယ့်သင်ခန်းစာက သင်နည်းတွေကို ဘယ်လိုသုံးသင့်တယ်ဆိုတာမျိုးဖြစ်ပါတယ်။ 
သင်နည်းတွေကို တိုက်ရိုက်ပို့ချမယ့်အစား ဘာကြောင့်သင်နည်း မျိုးစုံသုံးသင့်တာဆိုတာမှစတင်လိုက်တယ်။ ဘာကြောင့်သင်နည်း တစ်ခုမက သုံးသင့်တာလဲ။ စာဖတ်သူလဲစဉ်းစားကြည့်နိင်ပါတယ်။ 
အရင်ဆုံး ကျောင်းသားတွေကို လေ့လာကြည့်မယ်။ ယခင်တုန်းက ကျောင်းသားတွေကို အများစုကဘယ်လိုမြင်ခဲ့ကြသလဲ။ ကျောင်းသား သူငယ်တွေ ကျောင်းမှာ စာသင်ယူဖို့ရာ သူတို့မှာ ယခင်က သင်ယူခဲ့တာမျိုး မရှိကြဘူး။ ကျောင်းမှာ သင်ယူရမယ့် အကြောင်းအရာတွေက သူတို့အတွက် အသစ်အဆန်းတွေဖြစ်တယ်။ ဒါကြောင့် သင်ကြားပြသသူက သူသိတာတွေကို ကျောင်းသားထံ စာသင်ချိန် တစ်ချိန်လုံး သင်ကြားပို့ချပေးတယ်။ ရေဘူး အလွတ်ထဲကိုရေ လောင်းထည့်သလိုမျိုး တရစပ် သင်ကြားမှုကို ပြုလုပ်ပေးတယ်။ (ဆိုကရေးတီး က စာသင်ရင် ဝမ်းဆွဲသည် လိုမျိုး ကလေးမှာ ရှိတဲ့ အသိပညာကို ဖော်ထုတ်ပြီး သင်ကြားခဲ့ပေမယ့် ဆိုကရေးတီးရဲ့ လမ်းညွှန်ချက်ကို မလိုက်နာနိင်ခဲ့ကြတာဖြစ်နိင်တယ်)။ 
ကလေးတွေ ကျောင်းကိုလာတာ သူတို့သင်ယူမယ့် သင်ခန်းစာတွေ နဲ့ဆက်စပ်ပြီး သိထားတာ မရှိဘူးလို့ ယူဆပြီးတော့ သင်ခန်းစာတွေကို အလွတ်ကျက်မှတ်ခိုင်းခဲ့ကြတယ်။ သင်ပြီးသားကို ဆရာက မေးလိုက် ကျောင်းသားက ဖြေလိုက် ထပ်တလဲလဲ ပြုလုပ်ကြတယ်။ ဟောပြောပိုချမှုကို တစ်ချိန်လုံး ပြုလုပ်ကြတယ်။ သင်ခန်းစာတိုင်းက အလွတ်ကျက်မှတ်နည်း၊ အမေးအဖြေနည်း၊ ဟောပြောပို့ချနည်း နဲ့အံဝင်ခွင်ကျ ဖြစ်မယ်လို့ယူဆရင်တော့ ထိရောက်တဲ့ သင်ကြားသင်ယူမှု ဖြစ်မည် မဟုတ်ပါ။ ထိုသင်နည်းများမကောင်းဟု ဆိုလိုခြင်းမဟုတ်ပါ။ သို့သော် စာသင်ချိန်တိုင်း ထိုသင်နည်းများပဲ ထပ်တလဲလဲ မသုံးသင့်ဟု ဆိုလိုခြင်းဖြစ်ပါသည်။ 
ဘာကြောင့်လဲ။ကျောင်းသား သူငယ်တွေ အသက် ၅ နှစ်ရောက်မှ ကျောင်းစတက်ကြတယ်။ ကုန်လွန်ခဲ့ ၅ နှစ်မှာ သူတို့ သင်ယူခဲ့တာတွေ ရှိပါတယ်။ ဒီနေရာမှာ ပညာသင်ယူရာ ဌာနဆိုတာကို သတိချပ်ရပါမယ်။ ကျွန်တော်လည်း စာသင်စဉ် ပညာသင်ယူရာဌာန တွေက ဘာတွေ ဖြစ်မလဲ မေးကြည့်ရင် ကျောင်း ဆိုတဲ့ အဖြေပဲ အရင်ဆုံးရကြတယ်။ ဟုတ်ရဲ့လား ထပ်စဉ်းစားကြပါဦးလို့ စဉ်းစားခိုင်းမှ အိမ်၊ ပတ်ဝန်းကျင်၊ ရုပ်မြင်သံကြား၊ သတင်းစာ ဂျာနယ် စသဖြင့် အဖြေတွေ ရလာတယ်။ သင်ယူရာနေရာတွေ ဒီထက်မက ရှိပါတယ်။ စာဖတ်သူလည်းစဉ်းစားကြည့်နိင်ပါတယ်။ 
ဒါကြောင့် ကျောင်းသားသူငယ်တွေ ကျောင်းကို ၅နှစ်မှ တက်ရောက် သင်ယူကြတဲ့အခါ ကုန်လွန်ခဲ့ အချိန်တွေမှာ သင်ယူခဲ့တာတွေ ရှိကြပါတယ်။ ဒါကိုခြေခံပြီးတော့ စာသင်တဲ့အခါမှာ သိပြီးသား အသိပညာတွေနှင့် အသိပညာအသစ်တွေကို ချိတ်ဆက်ပေးရပါမယ်။
နောက်တစ်ချက်က ကျောင်းသားသူတွေရဲ့ သင်ယူဟန်တွေ မတူညီကြခြင်း ဖြစ်ပါတယ်။ ယေဘုယျအား ဖြင့် သင်ယူဟန် လေးမျိုးခွဲနိင်ပါတယ်။ Visual, Auditory, Reading and Writing နှင့် Kinesthetic (VARK) လို့မှတ်သားနိင်ပါတယ်။ တချို့က အမြင်အာရုံကို အားထားတယ်။ ဆရာ ဆရာမ ပြောပြတာကို ဂရုတစိုက်ကြည့်ရှု နေပြီးသင်ယူကြတယ်။ တချို့က ဆရာ ဆရာမကို ကြည့်ချင်မှ ကြည့်မယ်။ အကြားအာရုံ ကို အားထားတယ်။ နားထောင်ပြီး သင်ယူနေကြတယ်။ တချို့ကတော့ ဆရာ ဆရာမပြောသမျှ ရေးမှတ်ထားတယ်။ တချို့ကတော့ အရာဝတ္ထုတွေကိုထိတွေ့ ကိုင်တွယ် ပြီး ကိုယ်လက်လှုပ်ရှားမှုနှင့် သင်ယူကြတယ်။ သတိချပ်သင့်တာက ကျောင်းသားသူငယ်တွေမှာ သင်ယူဟန် တစ်မျိုးတည်း ရှိတယ်လို့တော့ ယူဆလို့ မရပါ။ တစ်ယောက်တည်းမှာပဲ သင်ယူဟန် တစ်မျိုးမက ရှိနိင်ပါတယ်။ 
ဒါကို အခြေခံပြီး စဉ်းစားရင် ကျောင်းသားသူငယ်တွေ ကျောင်းကိုလာရာမှာ သူတို့သင်ယူ ပြီးသားတွေ ပါလာတယ်။ သင်ယူဟန်တွေ မတူညီပါဆို့ တာမျိုးကို စိတ်မှာစွဲမှတ်ထားရင် သင်နည်းတစ်မျိုးတည်းကို မသုံးသင့်ဆိုတာ သဘောပေါက်ပါလိမ့်မည်။ 
Refs: School-based Inservice Teacher Education 
(SITE) Module 3 by UNICEF, MOE, H&M
Foundation
Teaching, Learning and Assessment by
Kivunja
သူငယ်နှင့် သူဧ။်ပညာ သင်ကြားခြင်း၊ ဦးထွန်းအောင်

Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

ပြသနာရှာဖွေဖြေရှင်းနည်းနှင့် အားသာချက်ဖော်ထုတ်မြှင့်တင်ပေးနည်း