Flipped Learning သို့မဟုတ် စာသင်ခန်းအတွင်းအပြင် သင်ယူမှုဖြစ်စဉ်များကို နည်းပညာသုံး၍ ချိတ်ဆက်ခြင်း (1)
၂၀၁၈ နှစ်ဆန်းပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာ အခြေဆိုက် U.S. embassy’s Regional English Language Office (RELO) က စီစဉ်သည့် အွန်လိုင်းသင်တန်းတစ်ခုတက်မှ flipped learning ဟူသည့် ဝေါဟာရနှင့် ကျွန်တော် စတင်ရင်းနှီးလာခဲ့သည်။ သင်တန်းတက်နေစဉ်အတွင်း ခန်းအကယ်ဒမီ တည်ထောင်သူ ဆယ်လမန်ခန်း၏ ၂၀၁၁ TED talk ဗီဒီယို (Let’s use video to reinvent education) ကို ကြည့်ရှုရသည့် လေ့ကျင့်ခန်းတစ်ခုကိုလည်း လုပ်ရသည်။ ယင်းတွင် ခန်းက သူ့တူလေး ကျောင်း၌ လေ့လာနေသည့် သင်ခန်းစာများအတွက် အထောက်အကူပြုရန် အင်တာနက်ပေါ် ဗီဒီယိုများ တင်ပေးရာမှ အဆိုပါဗီဒီယိုများသည် တူဖြစ်သူများ သာမန်ရိုးကျနည်းလမ်းမှ ဖောက်ထွက်သင်ယူရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ပုံကို သတိထားလာမိကြောင်း ပြန်လည်တင်ပြပြောဆိုသည့် အပိုင်းများ ပါဝင်သည်။ သို့နှင့် ခန်းအကယ်ဒမီကို တည်ထောင်ပြီး ပညာရေးဆိုင်ရာဗီဒီယိုများကို အွန်လိုင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် တင်လာခဲ့ရာ ယခုအခါ ခန်းအကယ်ဒမီသည် ကမ္ဘာတဝှမ်းမှ ဆရာ/မအများအပြားအတွက် flipped learning ကို အကောင်အထည်ဖော်ရန် လွန်စွာအသုံးဝင်သည့် ပညာရေးဆိုင်ရာအင်တာနက်စာမျက်နှာတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
Flipped learning ကို အသုံးပြုသည့် စာသင်ခန်းကို အကြမ်းဖျဉ်းအားဖြင့် အောက်ပါအတိုင်း ပုံဖော်ကြသည်။
“စာသင်ခန်းအတွင်း ပုံမှန်ပြုလုပ်လေ့ရှိသည့် အရာများ (ဥပမာအားဖြင့် ဆရာမှဦးဆောင်ပြုလုပ်သည့် ရှင်းလင်းချက်များ) ကို ကျောင်းသူ/သားများက အိမ်တွင် ကြိုတင်လေ့လာထားကြရပြီး၊ ပုံမှန်အားဖြင့် အိမ်တွင် (အိမ်စာအဖြစ်) လုပ်ကြရသည့် အရာများကို စာသင်ခန်းအတွင်း လုပ်ကြသည်” (2)။ Flipped learning တွင် ဆရာများ၏ အခန်းကဏ္ဍမှာ ကျောင်းသူ/သားများ၏ သင်ယူမှုကို အထောက်အကူပြုသူအဖြစ် (2) ပိုမိုထင်ရှားစေသည့်အတွက် သင်ယူသူကို ဗဟိုပြုသည့် သင်ကြားရေးစနစ်ကိုလည်း အထောက်အပံ့ပေးသည့် သင်ကြားသင်ယူမှုပုံစံတစ်ခု ဖြစ်သည်။ Flipped learning တွင် အများအားဖြင့် ကြိုတင်ဗီဒီယိုရိုက်ကူးထားသည့် သင်ခန်းစာလက်ချာများ သို့မဟုတ် တင်ပြချက်များကို ကျောင်းသူ/သားများက ကျောင်းသို့မလာခင် ကြိုကြည့်ထားပြီး ကျောင်းချိန်တွင် ကျောင်းသူကျောင်းသား အချင်းချင်း သို့မဟုတ် ကျောင်းသူ/သားများနှင့် ဆရာအကြား အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို အားပေးသည့် လေ့ကျင့်ခန်းများကို သင်ခန်းစာနှင့် ဆက်စပ် လုပ်ဆောင်နိုင်ကြသည် (3)။ Flipped learning ကို လက်တွေ့ အကောင်အထည် ဖော်သည့် စာသင်ခန်းတစ်ခန်း အလုပ်လုပ်ပုံကို ဤ YouTube ဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည် (What a ‘flipped’ classroom looks like https://www.youtube.com/watch?v=G_p63W_2F_4)။
Flipped learning သည် ကျောင်းသူ/သားများ၏ သင်ယူမှုရလဒ်များကိုလည်းကောင်း၊ ၎င်းတို့၏ အတော်နမီ (လွတ်လပ်စွာ ရွေးချယ်သင်ယူတတ်မြောက်ခွင့်၊ ဆုံးဖြတ်ချက်ချမှတ်နိုင်စွမ်း) ကိုလည်းကောင်း တိုးတက်စေပြီး ဆရာ/မများအတွက်လည်း မိမိတို့၏ သင်ကြားမှုစွမ်းရည်နှင့် အခြေအနေကို ပြန်လည်ဆန်းစစ်ဖို့ အတွေးများ ဖြစ်ပေါ်လာစေနိုင်ပါသည် (4)။ Flipped learning ကို စမ်းသပ်အကောင်အထည်ဖော်လိုသည့် ဆရာ/မများအနေဖြင့်
၁) မိမိအတန်းတွင်းရှိ ကျောင်းသူ/သားများသည် မည်သည့်နည်းလမ်းများကို ပိုမိုနှစ်ခြိုက်အသုံးပြုပြီး သင်ယူမှုပြုလိုသည်ကို စတင်စဉ်းစားသင့်သည်၊
၂) မိမိကိုယ်တိုင် (သင့်တင့်သည့်) နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုရှိအောင် ပြုလုပ်သင့်သည်၊
၃) အတန်းမစခင်၊ အတန်းချိန်အတွင်း၊ အတန်းချိန်ပြီးနောက် ပြုလုပ်ရမည့် သင်ခန်းစာ၊ လေ့ကျင့်ခန်းများကို အသေအချာ ပြင်ဆင်နိုင်သည့် အခြေအနေရှိလာအောင် ပြုလုပ်သင့်သည်၊
၎) ကျောင်းသူ/သားများအကြား မတူကွဲပြားသော သင်ယူမှုနည်းလမ်းအမျိုးမျိုးနှင့် ကိုက်ညီသည့် သင်ကြားမှုပုံစံ၊ လေ့ကျင့်ခန်းများကို ရွေးချယ်အသုံးပြုသင့်သည်၊
၅) သင်ကြားသင်ယူမှုအထောက်အကူပြု သင်ခန်းစာများ၊ ဆက်စပ်စာရွက်စာတမ်းများ စသဖြင့်တို့ကို အွန်လိုင်းပေါ်တွင် တစ်စုတစ်စည်းတည်း ထားရှိနိုင်မည့် (Learning Management System – LMS) စနစ်တစ်ခုကို ရွေးချယ်အသုံးပြုသင့်သည် (3) (ဥပမာ Google Classroom)။
အထက်ဖော်ပြပါ အကြံပြုချက်များကို အကောင်အထည်ဖော်သည့်အခါ တွေ့ကြုံလာရနိုင်မည့် အခက်အခဲများလည်း ရှိမည်သာဖြစ်သည်။ အထူးသဖြင့် လိုအပ်သည့် ပစ္စည်းကိရိယာများနှင့် အရင်းအမြစ်များ လုံလောက်မှု မရှိသည့်အခြေအနေတွင် flipped learning ကို ဖော်ဆောင်ရန် ခက်ခဲမည် ဖြစ်သည် (4)။ သို့သော် အင်တာနက်အပါအဝင် နည်းပညာဖွံ့ဖြိုးတိုးတက်မှုများ မြန်မာနိုင်ငံတွင် အလျင်အမြန် ဖြစ်ထွန်းပေါ်ပေါက်လျက်ရှိနေပြီရှိရာ ယင်းသည် flipped learning ကို အကောင်အထည်ဖော်ရန် အခွင့်အလမ်းများ ရှိလာပြီဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်၏ စာရင်းဇယားများအရ ၂၀၁၀ တွင် မြန်မာနိုင်ငံ၌ အင်တာနက်ကို ပုံမှန်အသုံးပြုနေသူသည် တစ်နိုင်ငံလုံး စုစုပေါင်း လူဦးရေ၏ ၀.၂၅ ရာခိုင်နှုန်းသာ (5) ရှိရာမှ ယခုအခါ အဆပေါင်းများစွာ ရှိလာပြီဖြစ်သည်။ Kepios ဟူသည့် အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုအရ ၂၀၁၈ ဇန်နဝါရီလအထိ အင်တာနက်အသုံးပြုမှုသည် ၃၄ ရာခိုင်နှုန်းခန့်အထိ ရှိလာပြီ ဖြစ်သည် (6)။ Kepios က ခန့်မှန်းသည့် ပမာဏသည် အင်တာနက် အမှန်တကယ် အသုံးပြုသူအရေအတွက်ထက် အများကြီးနည်းနေနိုင်ပြီး ၂၀၁၇ ခုနှစ်အတွင်းတွင်ပင် နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်က အင်တာနက်အသုံးပြုနေပြီဟု Internet in Myanmar က ပြောဆိုထားသည် (7)။ လူငယ်များ၏ ဘဝနေထိုင်မှုပုံစံ၊ သတင်းရယူမှု နည်းလမ်းများ ပြောင်းလဲလာသည်ကို ပညာရေးဝန်ဆောင်မှုပေးနေသည့် အဖွဲ့ဌာနများ၊ ဆရာ/မများမှ သတိမူပြီး ယင်းပြောင်းလဲမှုကို အကျိုးရှိစွာ အသုံးချနိုင်ရန် flipped learning ကို စမ်းသပ်အသုံးပြုနိုင်ကြောင်း တင်ပြအပ်ပါသည်။
ကိုးကားထားသည့် စာတမ်းများ၊ ဆောင်းပါးများ အစရှိသည်…
- Oo, S.N. (2018). The learning environment where the classroom is flipped, and what does it mean to Myanmar teachers? [assignment submitted to the Melbourne Graduate School of Education]
- Bergmann, J., & Sams, A. (2012). Flip your classroom: Reach every student in every class every day. Retrieved from https://ebookcentral.proquest.com/lib/unimelb/detail.action?docID=3317690
- Basal, A. (2015). The Implementation of a Flipped Classroom in Foreign Language Teaching. Turkish Online Journal of Distance Education, 16(4), 24-37. Retrieved from https://files.eric.ed.gov/fulltext/EJ1092800.pdf
- Acedo, M. (2013, November 27). 10 Pros and Cons of a Flipped Classroom. Retrieved from https://www.teachthought.com/learning/10-pros-cons-flipped-classroom/ and Hertz, M.B. (2012, July 10). The Flipped Classroom: Pro and Con. Retrieved from https://www.edutopia.org/blog/flipped-classroom-pro-and-con-mary-beth-hertz
- World Bank (n.d.). Retrieved from https://data.worldbank.org/indicator/IT.NET.USER.ZS?locations=MM
- Kepios (2018). Digital in 2018 in Southeast Asia Part 1 - North-West. Retrieved from https://www.slideshare.net/wearesocial/digital-in-2018-in-southeast-asia-part-1-northwest-86866386?ref=https://kepios.com/data
- Kanale, H. (n.d.). Myanmar to reach 28% Internet penetration and 15 million users. Retrieved from https://www.internetinmyanmar.com/internet-penetration-sept-17/
Comments
Post a Comment