ပူပေါင်းဆောင်ရွက်တတ်မှုကို သင်ပေးပါ၊ ညွှန်ကြားချက်ကို နည်းလမ်းမျိုးစုံသုံးပြီးပေးပါ [1]

https://www.japantimes.co.jp/news/2016/12/19/national/getting-students-go-global/#.XAUZ6SdoS00
Key concepts: cooperation skills, instructions, modes of learning and representing

မတူညီတဲ့ ဘဝအခြေအနေတွေကြောင့် ကျွန်တော်တို့ရဲ့ ဘဝအပေါ် ရှုမြင်ပုံတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ ကျွန်တော်တို့ ဘဝတလျှောက် မတူညီတဲ့ အမြင်ရှိတဲ့ လူတွေနဲ့ တွေ့ဆုံဆက်ဆံရတာဟာ တဖြည်းဖြည်းနဲ့ ရှောင်လွှဲလို့မရတဲ့ အရှိတရားတစ်ခုဖြစ်လာပါပြီ။ အခုနေ လူပြောသူပြောများလာတဲ့ ၂၁ ရာစုကျွမ်းကျင်မှုထဲမှာ မတူကွဲပြားတဲ့သူတွေနဲ့ “ပူးပေါင်းဆောင်ရွက်တတ်မှု” ဆိုတဲ့ အရည်အချင်းတစ်ခုလည်း ပါဝင်လာပါတယ်။ ကျွန်တော်တို့ ကျောင်းသူကျောင်းသားတွေမှာ တစ်ဦးတစ်ယောက်ချင်းစီအရ အလုပ်တွေကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ကြပေမဲ့ အများနဲ့ ပူးပေါင်းလုပ်ဆောင်တဲ့နေရာမှာ အားနည်းကြတယ်လို့ ပြောသံလည်း မကြာမကြာကြားရပါတယ်။ ပူးပေါင်းဆောင်ရွက်တတ်မှုဟာ ဥပမာ အရေးအဖတ်စတဲ့ ဘာသာစကားစွမ်းရည်၊ အတွက်အချက် နဲ့ နည်းပညာ အသုံးချနိုင်မှုစတဲ့ စွမ်းရည်တွေလိုပဲ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေကို ဘာသာစကား၊ သင်္ချာနဲ့ ကွန်ပျူတာတွေကို သင်ကြားပေးသလို “ပူးပေါင်းဆောင်ရွက်တတ်မှု” ကိုလည်း သင်ကြားပေးဖို့လိုပါတယ်။

ကျွန်တော်စာသင်တဲ့အခါ ကျောင်းသူ/သားတွေ ပူးပေါင်းဆောင်ရွက်တတ်မှု အလေ့အကျင့်ရအောင်ဆိုပြီး အုပ်စုဖွဲ့လုပ်ခိုင်းတာမျိုး မကြာမကြာလုပ် ဖြစ်ပါတယ်။ “ကဲ ကိုယ့်အဖွဲ့နဲ့ ကိုယ် အလုပ်လုပ်ကြမယ်” ဆိုပြီး ပြောရုံနဲ့ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်လို့ ကျောင်းသူ/သားအများစု သဘောပေါက်ကြပေမဲ့ အဖွဲ့တစ်ခုအနေနဲ့ ထိထိရောက်ရောက် ဘယ်လို အလုပ်လုပ်ရမယ်ဆိုတဲ့ နားလည်မှုက ကျောင်းသူ/သားတိုင်းမှာ ရှိမနေတာကို တွေ့ရပါတယ်။ အုပ်စုလုပ်ငန်းတွေမှာ တစ်ဦးထဲက ဒိုင်ခံလုပ်တာမျိုး၊ တစ်ယောက်တစ်ပေါက်လုပ်တာမျိုး မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။ “ပူးပေါင်းဆောင်ရွက်တတ်မှု” ကို သင်ယူဖို့အခွင့်အလမ်း ဒီကျောင်းသူ/သားတွေ မရခဲ့တာ ဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက ကျွန်တော်တို့ ဆရာတွေရဲ့ ညွှန်ကြားချက်ပေးတဲ့ ပုံစံမှာ လိုအပ်ချက် ရှိနေလို့ ဖြစ်နိုင်ပါတယ်။

ကျောင်းသူ/သားတွေကို လုပ်ငန်းပေးတဲ့အခါ၊ သူတို့ကို တစ်ခုခုတီထွင်ဖန်းတီး လုပ်ဆောင်ခိုင်းတဲ့အခါ နှုတ်နဲ့ ညွှန်ကြားတာတစ်ခုထဲမဟုတ်ဘဲ စာနဲ့ ဖြစ်စေ၊ ရုပ်ပုံကားချပ်တွေနဲ့ ဖြစ်စေ၊ နည်းလမ်း ၃ ခုစလုံး သုံး၍ ဖြစ်စေ လုပ်ငန်းပေးညွှန်ကြားတာမျိုး လုပ်သင့်တယ်လို့ ပညာရှင်များက ဆိုထားပါတယ်။ နည်းလမ်းတစ်ခုထဲကို အမြဲတမ်းလိုလို သုံးပြီး ညွှန်ကြားချက်ပေးတာဟာ အဲဒီနည်းလမ်းကို သဘောကျနှစ်ခြိုက်တဲ့ ကျောင်းသူ/သားတွေအတွက် အဆင်ပြေပေမဲ့ တခြားနည်းလမ်းနဲ့မှ ကိုက်ညီတဲ့ကျောင်းသူ/သားတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ သုံးသပ်ကြပါတယ်။ နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ပုံနှိပ်မီဒီယာတွေနဲ့အပြင် နည်းပညာသုံးနည်းလမ်းတွေနဲ့လည်း လုပ်ငန်းညွှန်ကြားချက်တွေကို ပေးလို့ရနေပါပြီ။ ကျွန်တော်တို့ ကျောင်းသူ/သားတွေဟာ နည်းလမ်းအမျိုးမျိုးကို သုံးပြီးတော့ သင်ယူနိုင်စွမ်းရှိသူတွေ ဖြစ်လာဖို့ သူတို့နဲ့ အဆင်အပြေဆုံး နည်းလမ်းတွေကနေတစ်ဆင့် တခြားနည်းလမ်းတွေကို တိုးချဲ့အသုံးပြု သင်ယူဖို့ လေ့ကျင့်သင်ကြားပေးသင့်ပါတယ် [2]။

အောက်ပါဗီဒီယိုမှာ mode of learning/representing အကြောင်း တစ်စိတ်တစ်ပိုင်း ရှင်းပြထားတာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။


ကိုးကား
1. Oo, S.N. (2018). Research, Action and Reflection Project [assignment submitted to the Melbourne Graduate School of Education]
2. Kalantzis, M. Cope, B. and Cloonan, A. (2010). A multilteracies perspective on the new literacies. In Baker, E. A. (2010) The new Literacies: Multiple Perspectives on Research and Practice. 61-67. New York: Guildford.


Comments

Popular posts from this blog

စာစီစာကုံး/အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၂

၂၁ရာစုပညာရေး အပိုင်း (၁)

စာစီစာကုံး၊ အက်ဆေးတစ်ပုဒ် မရေးခင် TaWTiSS နည်းလမ်းကို အသုံးပြု၍ ပြင်ဆင်မှုပြုခြင်း အပိုင်း ၁